Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

ကျမစာသင်းရင်း မျက်စိက အတန်းထဲကို ရောက်ရောက်သွားပါတယ်။ `အော်.....ဒီကလေးတွေနဲ့တော့ ဒုက္ခပါဘဲ´ ဟုရင်ထဲက ဆိုလိုက်မိပါတယ်။ ကျမအခုစာသင်ရတဲ့ အတန်းက ယောကျာ်းလေးရော၊ မိန်းခလေးရောတွဲထားပြီး အရွယ်ကလည်း `ဒီအရွယ် တင့်တင့်တို့အရွယ်........၁၀ ကျော် ၅ နှစ်ပတ်လည်.....ကျမကျမတို့အ၇ွယ်´ ဆိုတဲ့ သီချင်းလေးထဲက အရွယ်လေးတွေပါ။ အရွယ်ကြောင့်ဘဲ ဒီလိုဖြစ်နေကြတာပါလေဆိုပြီး မျက်စိအကြည့်ကိုလွှဲပြီး စာထဲကို အာရုံစိုက်ကာသင်နေလိုက်ပါတော့တယ်။


ဆရာ၊ ဆရာမဆိုတာကလည်း စာသင်ရုံနဲ့ ပြီးသွားတဲ့သူတွေမှ မဟုတ်တာနော်။ ကလေးတွေရဲ့ အငှားမိခင်တွေပါဘဲ။ သူတို့လေးတွေ ကိုယ်ကျင့်တရားသာမက စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေကိုပါ စာသင်ကြားပေး၊ အသိတရားပေးရုံသာမက လုပ်ပေး၊ လေ့ကျင့်ပေးရသူတွေပါ။ ကျမလည်း ဒီအချက်လေးနဲ့တင် ဆရာမဘ၀ကို ရောက်စေခဲ့သူပါ။ ပင်ပန်းနွမ်းနယ်မှုဟူသမျှဟာ ကျောင်းသားတွေရဲ့ လိမ္မာမှုလေးနဲ့ တင် ပြေပျောက်ပြီး အင်အားသစ်ကို တစ်ဖန်ပြောင်းလဲစေခဲ့တဲ့ အမွန်မြတ်ဆုံးနှင့် လခအနည်းဆုံးအလုပ်လေးပါ။


ကိုယ့်နိုင်ငံမှာဆို ကလေးတွေက ဆရာ၊ဆရာမရှေ့ဆို သူ့တို့ရဲ့ မေတ္တာရေးကိုမဆိုထားနဲ့ အခြားသော အရေးကိစ္စကိုတောင်မှ ထုတ်ဖော်ပြောကြားမှုမ၇ှိကြဘဲ ရိုသေလေးစားလိုက်ကြတာ ကျမကိုယ်တိုင်အပါအ၀င်အပေါ့နော်။ အခုတော့လည်း ကိုယ့်တိုင်းပြည်။ ကိုယ့်နေရာမဟုတ်တဲ့ အခြားစရိုက်မတူတဲ့နေရာလေးမှာ အလုပ်လုပ်နေတော့ သူတို့စရိုက်လေးကို သတိထားပြီး ကိုယ့်ယဉ်ကျေးမှုစရိုက်လေးကို မသိကျိုးကျင်ပြုနေရတာဟာ ကိုယ့်ကိုယ်ကို ဆရာကျင့်ဝတ်နှင့် မညီမှန်းလည်း သိနေပါတယ်။ ဒါမယ့်တတ်နိုင်သလောက်တော့ ကိုယ်လည်းဘဲ အမြင်မတော်တာလေးတွေ တွေ့ရင်တော့ ပြောတတ်သေးတဲ့ အကျင့်လေးကလေ ကျမကို မကြာခဏပြဿာနာတက်စေခဲ့ပါတယ်။


ကျမလည်း အသက်အရွယ်တော်တော်လေး ရလာတော့ ကျမရှေ့ အမြင်မတော်လည်း (နမ်းရှုပ်တာလောက်တော့) လစ်လျူရှုတတ်လာပါပြီ။ အခုလည်းကြည့်လေ ကျောင်းသား ၃၀ကျော်လောက်ရှိတဲ့ အတန်းထဲမှာ ၃တွဲလောက်က ဘယ်သူတွေဘယ်လောက်ကြည့်ကြည့်နမ်းနေကြပြီး၊ တစ်ချို့က စာကိုစိတ်ပါလက်ပါ သင်ကြားနေကြကာ၊ တချို့ကတော့ အပြန်အလှန်စကားပြောနေကြတယ်လေ။ ကျမလှမ်းပြီး သတိပေးလိုက်ရင် အတွဲတွေကလွဲ၍ ကျန်သောသူတွေကတော့ ငြိမ်ကျသွားကာ စာလုပ်ဟန်ဆောင်နေကြပါတယ်။ ဒီအပတ်က ကျောင်းနောက်ဆုံးပတ်ဆိုတော့ ကလေးတွေကို ပြန်လှန်သင်ကြားရေုးလုပ်ရင်း။ ဒေါသကို ထိန်းထားနေတော့တယ်။ `ဟုတ်တယ်.....ကျမထိန်းထားတာ ဒီကျောင်းရောက်ကတည်းကပါ။´ ကျမနောက်လှည့်က ၄ ကြိမ်တိတိ ထပ်ကာထပ်ကာ သတိပေးနေမိတယ်လေ။


`အော် ..........ထားပါတော့လေ ´ ဆိုပြီး ကျောက်သင်ပုန်းဘက်လှည့်ပြီး စာပေးနေကာ ဒေါသအာရုံကို ပြောင်းနေမိလိုက်တယ်။ `တ၀ုန်းဝုန်း´ ပြေးတဲ့ အသံကြောင့်လှည့်ကြည့်လိုက်တော့ `အော် ....အတန်းထဲလှည့်ပတ်ပြေးကာ ကလူကျီစယ်နေကြတာပါ´ ။ `ဟဲ့...´လို့ ပြောပြီး ထပ်သတိပေးကာ ပြန်အလှည့် မှာတော့ ပြေးသံကော ကျန်သောကလေးတွေရဲ့ တိုင်သံကိုပါ တဆက်တည်း ကြားလိုက်ရပါတယ်။ `ဒါနောက်ဆုံးနော် ၊နောက်ဆုံး ´ လို့ သတိပေးပြီး ကျမစာဆက်သင်နေပေမယ့် ကျမမျက်လုံးတို့က ဘောဖျက်တို့၊ ပစ်စရာပစ္စည်းကိုသာ လိုက်ရှာနေပါတော့တယ်။ ခေါင်းထဲမှာလည်း တပြိုင်နက် ကျောင်းသားကို လုပ်ပိုင်ခွင့် ၊ ရိုက်ပိုင်ခွင့် မရှိသော ဒီနိုင်ငံရဲ့ စည်းကမ်းနှင့် အတူ အလုပ်ပါပြုတ်နိုင်သော အခြေအနေကိုပါ သတိဝင်လာပါတယ်။ ဒါတွေလည်း ကျမသိနေပါလည်း ကျန်သောသူတွေကိုလည်း အနှောက်အယှက်မဖြစ်စေချင်ဘူးလေ။ ထိုထိုသော အကြောင်းဆက်တွေကြောင့် ဖြစ်တည်လာသော ဒေါသလေးကို တတ်နိုင်သမျှထိန်းနေပါတယ်လေ။


အချိန်ဆိုတာကလည်း စောင့်စားနေရင်သာ ကြာမြင့်လွန်းတာပါ။ မစောင့်မျှော်သူအတွက်ကတော့ ကုန်မှန်းမသိလိုက်ပါဘူး။ အသံထပ်ကြားတာကြောင့် ဒီတစ်ကြိမ် လှည့်အကြည့်မှာတော့ မမြင်အပ်ဖွယ် အားလုံးရှေ့မြင်ကွင်းတွေဟာ ကျမဒေါသကို ပေါက်ကွဲစေခဲ့ပြီး မျက်ဝန်းကလည်း မီးဝင်းဝင်းတောက်ကာ လက်ကလည်း အလိုအလျှောက်ဘောဖျက်တွေစီရောက်ကာ အားကုန်သုံး၍ တ၇က်စပ် ပစ်လိုက်ပါတော့တယ်။ ပထမအတွဲကတော့ ကံဆိုးစွာထိမှန်ခဲ့ပြီး ကျန်သောအတွဲများကတော့ လျှင်မြန်စွာ ရှောင်တိမ်းလိုက်ကြတော့ ကံကောင်းထောက်မစွာ လွတ်သွားခဲ့ပါတယ်။


တစ်ခါမှ ဒေါသမထွက်ဘူးတဲ့ ကျမ ခုံပေါ်မှ ရှိရှိသမျှနဲ့ ပေါက်နေပြီး ပစ်စရာကုန်တော့မှ `နင်တို့က ငါ့ကို မလေးစားဘူး၊ စော်ကားတယ်။ ငါမသင်လည်း နင်တို့ မတတ်ရုံဘဲလေ၊ နင်တို့ မိဘတွေက ပိုက်ဆံအကုန်ခံပြီး ပို့တယ်။ နင်တို့က ကျောင်းကို အပျော်သဘောထားတာလားဟင် ..........ငါ့စေတနာ နင်တို့နဲ့ မတန်ဘူး။ ငါပိုက်ဆံမရလည်း ကိစ္စမရှိဘူး။ တိုင်ချင်ရင် ငါနဲ့ အတူလိုက်ခဲ့။ ငါအလုပ်ထွက်မယ်.....´ လို့ဆိုပြီး ပစ္စည်းတွေသိမ်းကာ လှည့်အထွက် ကလေးတွေအားလုံးက ကျမဘေး ပတ်ပတ်လည် ၀ိုင်းလာကာ တောင်းပန်ကြပါတယ်။ အတွဲလေးတွေကလည်း နောက်သူတို့ မလုပ်ကြတော့ပါဘူးဆိုပြီး တောင်းပန်ကာ `သူတို့ကို တိုင်ချင်တိုင်ပါ၊ အလုပ်မထွက်ပါနဲ့လို့ ´ ဆိုလာတော့မှာဘဲ ကျမလည်းသတိပြန်ဝင်ကာ အတန်ကြာထိုင်နေပြီးမှ သူတို့ကိုအေးဆေးစွာပင် ဆုံးမပါတော့တယ်။


ကျမအတန်းချိန်ပြီးလို့ ထွက်အလာမှာတော့ တွေးမိတယ်လေ `လူဆိုတာ အမှားမလုပ်ဘူးသူ မရှိပါဘူး။ ကျမကော...............ဟုတ်တယ်လုပ်ခဲ့ဖူးတယ်။ လူကြီးဆိုတာက ဒေါသဘယ်လောက်ကြီးကြီး ကျမတို့ လူငယ်အတွက် ပူပန်လို့သာ ပြောကြ၊ လုပ်နေကြတာပါ။ သူတို့တွေက လူငယ်တွေရဲ့ အမှားကို ထောက်ပြပေးခဲ့ကြပါတယ်။ ဒေါသ၊ အာဃာသဆိုတာ သူတို့ ရင်ထဲမထားခဲ့ပါဘူး ။ ဒါကြောင့် လည်း ဒီနေ့ ဒီအချိန်မှာ ကျမတို့လမ်းမှန် ရောက်ရှိလာသလို ၊ ကျမတို့အရွယ်တွေမှာ လမ်းမှားရောက်သူတွေ ဒူးနဲ့ဒေးပါ။ ကျမတို့ ခေတ်မှာလည်း ဆရာ၊ဆရာမတင်သာမက လူတိုင်းလူတိုင်းဟာ လူပီသစွာဖြင့် ကိုယ့်ဂုဏ်သိက္ခာ၊ ပစ္စည်းဥစ္စာ နဲ့ ပကာသနတွေကို ဘေးဖယ်လစ်လျှူရှုပြီး လူငယ်လေးတွေ လမ်းမှန်ရောက်ဖို့ လုပ်ဆောင်ပေးမှသာ သူတို့လေးတွေ အမှားကိုပြင်ကာ အမှန်လမ်းသစ်ကို ရောက်နိုင်မှာအမှန်ပါ။ ထိုသို့ လုပ်ဆောင်ရာမှာ တစ်ခါတစ်ရံမှာ စေတနာကို စော်ကားခံရတာတို့၊ အချိန်ကိုစောင့်စားရတာတို့ ဆိုတာကို စိန်ခေါ်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကိုယ့်ရဲ့စေတနာအမှန်ကို သိရင်တော့ဖြင့် ထိုထိုသောနေ့များဟာ ကျမတို့လို လူကြီးတွေရဲ့ နှလုံးသားမှာ လလေးသာသောညများဖြစ်နေမယ် ဆိုတာတော့ သူတို့လေးတွေ မသိလည်း ကိုယ်သာအသိမို့ ကျမလက်ရှိဘ၀လေးဖြစ်တဲ့ ဆရာမဘ၀လေးကိုဘဲ နှစ်ခြိုက်နေမိပါတော့တယ်။ ။

0 comments:

Search This Blog

Blog Archive

Visitor

-